ယုံကြည်ခြင်း နှင့် ကျင့်ကြံခြင်း
(သို့မဟုတ်)
ရှင်သန်နေသော
ယုံကြည်ခြင်း
"ခရစ်တော်ယေဇူးကို ယုံကြည်ပါသည်" ဟုဝန်ခံပြောဆိုရုံနှင့်
ကယ်တင်ခြင်းရပြီ ဆိုသော စကားကို ကြားဖူးကြပေမည်။ ၎င်းင်းအယူအဆသည် (Martin Luther, The
Monk - ၁၅ ရာစု) မာတင်လူသာ မှစ၍ အချို့သော ခရစ်ယာန် ဂိုဏ်းကွဲများအကြား ထွန်းကားလာခဲ့သော "ဘုရားသခင်၏ ကျေးဇူးတော် တစ်ခုတည်းသာလျှင်"၊
"ယုံကြည်ခြင်း တစ်ခုတည်းသာလျှင်"၊ "သမ္မာကျမ်းစာတစ်ခုတည်းသာလျှင်"
ဆိုသည့် အယူဝါဒများမှ အခြေခံလာသည် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကျေးဇူးတော် တစ်ခုတည်းကြောင့်သာလျှင်
ဖြောင့်မတ်ကြပြီး ကယ်တင်ခြင်းရနိုင်သည် ဟုယုံကြည်ယူဆခြင်း၊ သမ္မာကျမ်းစာပါ ဘုရားသခင်၏
နှုတ်တော်ထွက် စကားတစ်ခုတည်း ကြောင့်သာလျှင် ကယ်တင်ခြင်း ရနိုင်သည်ဟု ယုံကြည်ယူဆခြင်း
နှင့် ( အကျင့်မပါသော) ယုံကြည်ခြင်း တစ်ခုတည်းကြောင့်သာလျှင်
ဖြောင့်မတ်ပြီး ကယ်တင်ခြင်းရနိုင်သည် ဟုယုံကြည်ယူဆခြင်း ဖြစ်သည်။ မည်သည့် ကောင်းမှုပင်
ပြုနေစေကာမူ၊ အဘယ်သော ပါရမီပင် ကျင့်ဆောင်နေကာမူ ထိုအရာများသည် မိမိကယ်တင်ခြင်းအတွက်
အချည်းနှီးပင် ဖြစ်သည်ဟု ယုံကြည်ယူဆခြင်းဖြစ်သည်။ သို့သော်လည်း ကက်သလစ်ခရစ်ယာန်များအနေနှင့်
နှုတ်ဖြင့် ထွက်ဆိုသော ယုံကြည်ခြင်းတစ်ခုတည်းသာ မဟုတ်ဘဲ ထိုယုံကြည်ခြင်း၌ ကျင့်ဆောင်မှု
ပါမှသာလျှင် မိမိကယ်တင်ခြင်းအတွက် မျှော်လင့်နိုင်မည်ဖြစ်ကြောင်း ယုံကြည်ထားကြပါသည်။
"ယုံကြည်သည်ဆိုရုံနှင့်
လုံလောက်ပြီ" ဆိုသည့် စကားနောက်ဆက်တွဲသည် ကိုယ်ကျင့်တရားကိုလည်း တစ်နည်းတစ်ဖုံဖြင့်
ချိန်းခြောက်နေသည်။ အဘယ်ကြောင့်ဆိုသော်ယုံကြည်သည်ဟုဆိုရုံနှင့် လုံလောက်ပြီ ဟုပြောခြင်းသည်
ဝတ်ပြုစရာမလို၊ ကိုယ်ကျင့်တရား မလိုဟု ဆိုလိုလိုက်ခြင်းဖြစ်သည်။ ၎င်းင်းသည် ခရစ်တော်၏
ကိုယ်ကျင့်ဆိုင်ရာ တရားတော် အချုပ်ဖြစ်သည့် "ဘုရားသခင်အပေါ် အကြွင်းမဲ့ မေတ္တာထား
ကြည်ညိုခြင်း" နှင့် "လူသားချင်းအပေါ် မေတ္တာထား မြတ်နိုးခြင်း" တို့ကို
တိုက်ရိုက် ဆန့်ကျင် နေသည်ဟု ယူဆပါသည်။
ယုံကြည်မှု (သို့) ယုံကြည်ခြင်းသည် ကျင့်ကြံမှုနှင့်
အပ်စပ်ဆက်နွယ်နေကြောင်း ကျွန်ုပ်အနေနှင့် "ရှင်သန်မှု ဖြစ်တည်စေရာ ယုံကြည်ခြင်း"
ဆိုသည့် ဆောင်းပါးစာတွင် သာမာန် စဉ်းစားတွေးခေါ်မှု သဘောဖြင့် အနည်းငယ် ဖော်ပြခဲ့ပြီး
ဖြစ်သည်။ ဤစာတွင် ယုံကြည်ခြင်းသည် ကျင့်ကြံမှုနှင့် ဆက်စပ်နေကြောင်း သမ္မာကျမ်းစာကို
အဓိကအခြေခံ၍ မှတ်သားမိသလောက် တင်ပြအပ်ပေသည်။
(မှတ်ချက်။
မည်သည့်အယူဝါဒကိုမျှ ထိခိုက်တုန့်ပြန် ရေးသားသည်မဟုတ်ပါ။ မိမိတို့ ယုံကြည်သည်ကို ကွဲကွဲပြားပြား
သိရန် တင်ပြခြင်းသာဖြစ်ပါသည်။)
နောက်ခံကျမ်းချက်များ
"ယုံကြည်ခြင်း"
နှင့် "ကျင့်ကြံခြင်း" တို့နှင့် ပတ်သက်၍ ယူဆ ကွဲလွဲချက် တရားခံများမှာ ရှင်ပေါလုနှင့်
ရှင်ယာကုပ် တို့ဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် "ယုံကြည်ခြင်း" နှင့်
"ကျင့်ကြံခြင်း" အကြောင်းကို တင်ပြရာတွင် ရှင်ပေါလုနှင့် ရှင်ယာကုပ်တို့၏
သွန်သင်ချက် များကို အဓိက အခြေခံသွားမည် ဖြစ်သည်။
ဂါလားဆီယာ
(ဂါလာတိ) သြ၀ါဒစာ ၂း ၁၆ တွင် ရှင်ပေါလုမှ အောက်ပါအတိုင်း သွန်သင်ခဲ့သည်။
"လူတစ်ဦးသည်
ပညတ်တရားကို လိုက်နာ စောင့်ထိန်းခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ မရောက်နိုင်ဘဲ ယေဇူးခရစ်တော်ကို
ယုံကြည်ခြင်းဖြင့်သာ ဖြောင့်မတ်ခြင်းသို့ ရောက်ကြောင်းကို သိကြ၏။ ငါတို့သည် ပညတ်တရားကို
လိုက်နာ စောင့်ထိန်းခြင်းအားဖြင့် မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့
ရောက်စေခြင်းငှာ ယေဇူးခရစ်တော်ကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားကို လိုက်နာ စောင့်ထိန်းခြင်းအားဖြင့်
မည်သူမျှ ဖြောင့်မတ်ခြင်းသို့ မရောက်နိုင်ပေ"။ ( ဂါလားဆီယာ ၂း၁၅ မှ ၃း၁၄ အထိ ဖတ်ရှု နိုင်သည်)
တဖန် ရောမသြ၀ါဒစာ
၃း ၂၈ တွင်လည်း ရှင်ပေါလုမှ အောက်ပါအတိုင်း သွန်သင်ထားသည်။
"လူသည်
ပညတ်တရား၏ အကျင့်အားဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် သာလျှင် ဖြောင့်မတ်ခြင်းသို့
ရောက်ကြောင်းကို ငါတို့သိကြရပြီ။" ( ရောမသြ၀ါဒစာ ၃း ၂၁ မှ ၄း ၂၅ အထိ ဖတ်ရှုနိုင်သည်)
ရှင်ယာကုပ်သြ၀ါဒစာ
၂း ၂၄ နှင့်၂၆ တွင် ရှင်ယာကုပ်မှ အောက်ပါအတိုင်း သွန်သင်ထားသည်။
"လူတစ်ဦးသည်
ယုံကြည်ခြင်း တစ်ခုတည်ဖြင့်သာ ဖြောင့်မတ်ခြင်းသို့ မရောက်နိုင်ဘဲ အကျင့်အကြံ အားဖြင့်
ဖြောင့်မတ်ခြင်းသို့ ရောက်သည်ကို သင်တို့သိကြ၏။ အကြောင်းမူကား ၀ိညာဉ်နှင့် ကင်းသော
ခန္ဓာကိုယ်သည် အသေ ဖြစ်သကဲ့သို့ ကျင့်ကြံမှု မရှိသော ယုံကြည်ခြင်းသည် အသေဖြစ်၏
"။ (ရှင်ယာကုပ်သြ၀ါဒစာ ၂း ၁၄- ၂၆ အထိ ဖတ်ရှုနိုင်သည်)
တူညီသော သွန်သင်ချက်
ထိုကျမ်းကောက်နှုတ်ချက်များကို ပေးထားသည့် အတိုင်းသာ
ဖတ်မည်ဆိုလျှင် ရှင်ပေါလုနှင့် ရှင်ယာကုပ် တို့သည် တစ်ပါးကို တစ်ပါး ဆန့်ကျင်သွန်သင်နေသယောင်ရှိသည်။
ရှင်ပေါလုက "ကျင့်ကြံခြင်းဖြင့် မဟုတ်၊
ခရစ်တော်၌ ယုံကြည်ခြင်းဖြင့် သာလျှင် ဖြောင့်မတ်ကြရသည်" ဟုဆိုနေသယောင်ရှိသည်။
တဖန် ရှင်ယာကုပ်က " ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့် မဟုတ်၊ ကျင့်ကြံခြင်းဖြင့်သာလျှင်
ဖြောင့်မတ်ကြရသည်" ဟုဆိုနေသယောင် ရှိသည်။ အမှန်မှာ ရှင်ပေါလုနှင့် ရှင်ယာကုပ်တို့သည်
ယုံကြည်ခြင်းနှင့် ကျင့်ကြံခြင်း ဆိုသည့် သွန်သင်ချက် တစ်ခုတည်းကိုသာ သွန်သင်နေကြခြင်းဖြစ်သည်။
ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ယူဆခြင်းမှာ အနက်ဖွင့် လွဲသောကြောင့် ဖြစ်နိုင်သည်။ အနက်ဖွင့်
လွဲသည် ဆိုသည်မှာလည်း context ဆိုသည့် မည်သည့် အခြေအနေကို နောက်ခံပြု ပြောဆိုသွန်သင်ထားသည်ကို
ထည့်မစဉ်းစားမိသောကြောင့် ဖြစ်မည်။
ရှင်ပေါလုသည် "ကျင့်ကြံခြင်း" ဟုဆိုရာ၌
"ကုသိုလ်ဖြစ် လုပ်ဆောင်မှု"၊"မေတ္တာအခြေခံ လုပ်ဆောင်မှု" များကိုမဆိုလို။
"ပညတ်ဥပဒေအား လိုက်နာဆောင်ရွက်မှု" တို့ကို ဆိုလိုခြင်းဖြစ်သည် (ညွှန်း- ဂါလား
၂း၁၆၊ ၃း၂-၁၂ နှင့် ရောမ ၃း၂၈)။ ထိုပညတ်ဥပဒေဟု ဆိုရာ၌လည်း ဂျူးတို့၏ ဥပဒေ (သို့) မိုးဇက်ဥပဒေဖြစ်သည့်
အရေဖျားလှီးခြင်း၊ ယဇ်ပူဇော်ခြင်း၊ သတ်မှတ်သည့် အစာများကို ရှောင်ခြင်း စသည့်တို့ကို
ရည်ညွှန်းခြင်းဖြစ်သည်။ ရှင်ယာကုပ်မှာမူ "ကျင့်ကြံခြင်း" ဟုဆိုရာ၌ "မေတ္တာအခြေခံ
လုပ်ဆောင်မှု" များကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဥပမာ- မုဆိုးမများ၊ မိဘမဲ့များ၊
မရှိဆင်းရဲသူများအား ကူညီစောင့်ရှောက်ခြင်း၊ လူသားချင်းအပေါ် မေတ္တာထားခြင်း စသည်များကို
ရည်ညွှန်းသည် ( ယာကုပ် ၁း၂၇၊ ၂း၈၊ ၂း ၁၅-၁၆)။
ရှင်ပေါလုအနေဖြင့် "ကျင့်ကြံခြင်း"
(သို့)"မေတ္တာအခြေခံ လုပ်ဆောင်မှု"များကို ဆန့်ကျင်သည်မဟုတ်။ "ကျင့်ကြံခြင်း"
(သို့) "မေတ္တာအခြေခံ လုပ်ဆောင်မှု" များသည် ခရစ်ယာန်ဘ၀အတွက် အခြေခံအုတ်မြစ်ဖြစ်သည့်
ယုံကြည်ခြင်း၏ နောက်ဆက်တွဲ လိုအပ်မှု ဖြစ်ကြောင်း ပင်လျှင် ရှင်ပေါလုမှ အလေးအနက် သွန်သင်
ထားပေသည် (ဂါလား ၅း - ၆း ၊ ရောမ ၁၂း - ၁၅း )။ ရှင်ယာကုပ်အနေဖြင့်လည်း "ယုံကြည်ခြင်း"
ကိုဆန့်ကျင်သည် မဟုတ်။ ယုံကြည်ခြင်း အဦးဆုံး ရှိထားရမည်ကို သွန်သင်သည်။ ထို့နောက် စစ်မှန်သော
ယုံကြည်ခြင်းသည် ကျင့်ကြံမှု ပါရမည် ဖြစ်ကြောင်း အလေးပေး သွန်သင်ထားခြင်း ဖြစ်သည် (ယာကုပ်
၂း ၁၄-၂၆)။
ရှင်ပေါလုအနေဖြင့် ယုံကြည်ခြင်း "တစ်ခုတည်း" ဖြင့်သာလျှင် ဟူ၍ မဆို သကဲ့သို့ ရှင်ယာကုပ် အနေဖြင့်လည်း
ကျင့်ကြံခြင်း "တစ်ခုတည်း" ဖြင့်သာလျှင်ဟူ၍ မဆိုခဲ့ပေ။
သမ္မာကျမ်းထဲမှ
"ယုံကြည်ခြင်း"
"ယုံကြည်ခြင်း" အတွက် ဓမ္မသစ်ကျမ်း အခေါ်အဝေါ်မှာ
ဂရိ ဝေါဟာရ ပစ္စတိစ် (pistis) ဖြစ်သည်။ အဓိပ္ပာယ်မှာ
သစ္စာရှိခြင်း သို့မဟုတ် ယုံကြည်ပုံအပ်ခြင်း ဖြစ်သည်။ ပစ္စတျိုး (pisteuô) ဟုလည်း ခေါ်သည်။
အဓိပ္ပာယ်မှာ ဆက်ကပ်အပ်နှံခြင်း ဖြစ်သည်။ ပုံစံတူ ဧ၀ံဂေလိကျမ်း သုံးစောင်ဖြစ်သည့် ရှင်မာတေးဦး(ရှင်မဿဲ)၊
ရှင်မာကု နှင့် ရှင်လုကာ ကျမ်းတို့၌ ယုံကြည်ခြင်းကို ခရစ်တော်နှင့် ဆုံဆည်းရခြင်း အဖြစ်
ဖော်ပြထားသည်။ ခရစ်တော်နှင့် ဆုံဆည်းခြင်း ဆိုသည်မှာ ပထမ အဓိပ္ပာယ်အားဖြင့် "ခရစ်တော်ကို
ယုံကြည်ခြင်း" ဖြစ်သည်။ ထိုယုံကြည်ခြင်းသည် တန်ခိုးအာနုဘော်များအတွက် လိုအပ်ချက်ဖြစ်သည်
( မာကု ၂း၃-၁၀၊ မာတေး ၉း ၂-၈၊ လု ၅း ၁၈-၂၆)။ ဒုတိယအဓိပ္ပာယ်မှာ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းနှင့်
အကျင့်ပြောင်းလဲခြင်းဆိုင်ရာ ခရစ်တော်၏ တရားဟောချက်များကို ယုံကြည် လက်ခံခြင်း ဖြစ်သည်
(မာကု ၁း ၁၅)။ ရှင်ယောဟန် ဧ၀ံဂေလိကျမ်း၌ ယုံကြည်ခြင်းသည် နှုတ်တော်ထွက် စကား (ဓမ္မ) ဖြစ်သော
ခရစ်တော်ကို အလေးအနက် ဆည်းကပ်ခြင်း ဖြစ်သည်။ ယုံကြည်ခြင်းသည် ခရစ်တော်ဆိုသည့် ပုဂ္ဂိုလ်တော်မြတ်ကို
အကြွင်းမဲ့ လက်ခံခြင်း ဖြစ်သည် ( ယော ၁း ၁၂-၁၃)။ ယုံကြည်ခြင်းသည် အမှန်တရားကို သိမြင်ခြင်း
(ယော ၄း ၁၆)နှင့် ထိုအမှန်တရား၌ အသက်ရှင်ခြင်းတို့ဖြင့် ဆက်စပ် နေသည် ( ယော ၁၃း ၁၊
၁၅း ၁၀၊ ၁၃း ၃၉) ။ ရှင်ပေါလု ရေးသားခဲ့သည့် ကျမ်းများထဲ၌ ယုံကြည်ခြင်းသည် ခရစ်တော်၌
ပြုတော်မူသော ဘုရားသခင်၏ ကယ်တင်းခြင်းကို အသိအမှတ်ပြုဝန်ခံခြင်း ဖြစ်သည်။ " ယေဇူးသည်
အရှင်သခင် ဖြစ်တော်မူကြောင်းကို သင်၏ နှုတ်ဖြင့် ၀န်ခံ၍ ဘုရားသခင်သည် သူ့အား သေခြင်းမှ
ထမြောက်စေတော်မူကြောင်းကို သင်၏ စိတ်နှလုံး၌ ယုံကြည်လျှင် ကယ်တင်ခြင်း ခံရလိမ့်မည်
" (ရောမ ၁၀း ၉)။ ယုံကြည်ခြင်းသည် ဧ၀ံဂေလိ တရားတော်ကို လက်ခံခြင်း ဖြစ်သည် ( ရော
၁း ၃-၄၊ ၁ကော် ၁၅း ၃-၅)။ ရှင်ပေါလုအတွက် ယုံကြည်ခြင်းသည် ခရစ်တော်၌ ဘ၀သစ်ကို ဖြစ်စေသည့်
အရာဖြစ်သည် ။ " ခရစ်တော်၌ ရှိသောသူသည် ဖန်ဆင်းခြင်းအသစ် ဖြစ်လေ၏ " (၂ကော်
၅း ၁၇)။ ယုံကြည်ခြင်းသည် ခရစ်တော်၏ သွန်သင်ချက်ကို လက်ခံခြင်း ( ရော ၁၀း ၁၇) နှင့်
၎င်းင်းကို နာခံ လိုက်နာခြင်း ( ရော ၁း၅၊ ၁၆း ၂၆) ဖြစ်သည်။ တစ်နည်းအားဖြင့် ယုံကြည်ခြင်းသည်
လူသားတစ်ယောက်၏ အသက်ရှင် နေထိုင်မှုပုံစံ ဖြစ်သည်။
သမ္မာကျမ်းထဲမှ
"ကျင့်ကြံခြင်း"
ဧ၀ံဂေလိ ကျမ်းများထဲ၌ "ကျင့်ကြံခြင်း"
ဆိုသည်မှာ လူတစ်ဦးကို ဖြောင့်မတ်စေသည့်အရာ ဖြစ်သည်။ ရှင်လုကာကျမ်း ၁၈း ၁၈-၂၃ ၌ ထာရ၀အသက်ကို
ရရန် မည့်သည်အရာကို ပြုရပါမည်နည်း ဟူသော လူငယ် တစ်ဦး၏ မေးခွန်းကို ပြန်ဖြေရာမှာ ဘုရားသခင်၏
ပညတ်တော်များကို လိုက်နာစောင့်ထိန်းပါ ဟု ယေဇူး မိန့်ဆိုတော်မူခဲ့သည်။ နောက်ဆုံး တရားစီရင်ခြင်း
အကြောင်းကို ပြောဆိုရာ၌လည်း (မာတေး ၂၅း ၃၁-၄၆) (ကျင့်ကြံမှု မရှိသော ) ဆိတ်များကို
(ကျင့်ကြံမှု ရှိသော) သိုးများနှင့် ခွဲထားမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။
" ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့အား စားစရာကို ပေးကြ၏။ ငါသည် ရေငတ်သောအခါ
သင်တို့သည် ငါ့အား သောက်ရေကို ပေးကြ၏။ ငါသည် သူစိမ်းဧည့်သည် ဖြစ်သောအခါ သင်တို့သည်
ငါ့အား ပျူငှာစွာ ကြိုဆိုကြ၏။ ငါ၌ အ၀တ်မရှိသောအခါ သင်တို့သည် ငါ့ကို အ၀တ်နှင့် လွှမ်းခြုံပေးကြ၏။
ငါသည် ဖျားနာသောအခါ သင်တို့သည် ငါ့ကို ကြည့်ရှုကြ၏။ ငါသည် ထောင်ထဲ၌ ရှိနေသောအခါ သင်တို့သည်
ငါ့ထံသို့ လာကြ၏ " (မာတေး ၂၅း ၃၅-၃၆)။ ကောင်းစွာကျင့်ကြံခြင်းနှင့် ပတ်သက်၍လည်း
ယေဇူးခရစ်တော်ကိုယ်တော်တိုင် သတိပေးတော်မူ ခဲ့သည်။ " သင်တို့၏ ဖြောင့်မတ်ခြင်းသည်
ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့ထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့
ဝင်ကြရလိမ့်မည် မဟုတ် " ( မာတေး ၅း ၂၀)။ လူသားသည် ဖြောင့်မတ်ခြင်းအတွက် ဘုရား၏
ကျေးဇူးတော်ကို မလိုဘဲ ကိုယ်တိုင်ကျင့်ကြံ၍ အပြစ်များကို မိမိခွန် မိမိအားနှင့်သာ ရှောင်ကြဉ်ရမည်
ဟု ယေဇူး ဆိုလိုတော်မူခြင်း မဟုတ်ပေ။ ခရစ်တော်၌ တည်ခြင်း၊ ဘုရားသခင်၌ တည်နေခြင်းဖြင့်သာ
လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဆုံးမထားတော် မူပေသည် ( ယော ၁၅း ၄)။ ခရစ်တော်၌ တည်၊ မတည် ဆိုသည်မှာလည်း ဘုရားသခင်၏ ပညတ်တော်များကို
လိုက်နာ၊ မလိုက်နာ ဆိုသည့် အပေါ်၌ မူတည်၍ သိရှိမြင်သာရပေသည်။ " ကိုယ်တော့်ကို ငါသိပါသည်
ဟုဆိုလျက် ကိုယ်တော်၏ ပညတ်တော်များကို မစောင့်ထိန်းသော သူသည် လိမ်လည်သူဖြစ်ပြီး သမ္မတရားသည်လည်း
သူ၌ မတည်ချေ။ သို့သော် ကိုယ်တော်၏ စကားကို နာခံသော သူ၌ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်း
မေတ္တာတော်သည် ပြည့်စုံလေ၏။ ဤနည်းဖြင့် ငါတို့သည် ကိုယ်တော်၌ တည်ရှိကြောင်းကို ကောင်းစွာ
သိရှိနိုင်မည် ဖြစ်သည် " ဟူ၍ ရှင်ယောဟန် သြ၀ါဒစာ ပထမစောင် ၂း ၄-၅ တွင် ဖော်ပြ
ပါရှိပါသည်။ တဖန် ယေဇူးကိုယ်တော် သည်လည်း " ငါ့ကို သခင်၊ သခင် ဟုခေါ်သော သူတိုင်း
ကောင်းကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏
အလိုတော်ကို ဆောင်ရွက်သော သူသာလျှင် ၀င်ရလိမ့်မည် " (မာတေး ၈း၂၁) ဟု မိန့်ဆိုတော်မူခဲ့သည်။
မေတ္တာတရားကို
လိုက်နာကျင့်ကြံခြင်းနှင့် ပညတ်ဥပဒေကို လိုက်နာ ကျင့်ကြံခြင်း
ဖြောင့်မတ်ခြင်းနှင့် ဆက်နွယ်၍ သုံးနှုန်းသော ရှင်ယာကုပ်၏
"ကျင့်ကြံခြင်း" ဝေါဟာရသည် ဖြောင့်မတ်ခြင်းနှင့် ဆက်နွယ်၍ သုံနှုန်းသော ရှင်ပေါလု၏
"ကျင့်ကြံခြင်း" ဝေါဟာရနှင့် မတူပေ။ ထို့ကြောင့် "ကျင့်ကြံခြင်း အားဖြင့်
ကယ်တင်ခံရသည်" ဆိုသည့် ရှင်ယာကုပ်စကားနှင့် "ကျင့်ကြံခြင်းအားဖြင့် ကယ်တင်ခံရသည်
မဟုတ်" ဆိုသည့် ရှင်ပေါလု၏ စကားများ မည်သို့ ကွဲပြားကြောင်း သိရန် လိုသည်။
" လူသည် ပညတ်တရား၏ အကျင့်အားဖြင့် မဟုတ်ဘဲ
ယုံကြည်ခြင်းအားဖြင့် သာလျှင် ဖြောင့်မတ်ခြင်းသို့ ရောက်ရသည် " (ရော ၂း ၂၈) ဟု
ရှင်ပေါလုဆိုသောအခါ ထိုအကျင့်သည် မိုးဇက် ဥပဒေကို နာခံခြင်းမှ ဖြစ်ထွန်းလာသော အကျင့်
ဖြစ်ကြောင်း ရှင်ပေါလု ရည်ညွှန်းပါသည်။ ထိုမိုးဇက် ပညတ်ဥပဒေဆိုသည်မှာလည်း တိုရ ဥပဒေ
သို့မဟုတ် အရေဖျားလှီးခြင်း ( ရော ၃း ၃၀) နှင့် မသန့်ရှင်းသော တားမြစ် အစားအစာများကို
သုံးဆောင်ခြင်း ( ဂါလား ၂း ၁၁-၁၆၊ ၃း ၂-၁၂) ကဲ့သို့သော ၀တ်ပြုကိုးကွယ်မှုဆိုင်ရာ ၀ိနည်း
ဥပဒေတို့ကို ဆိုလိုခြင်း ဖြစ်သည် ။ " ငါတို့သည် ပညတ်တရားကို လိုက်နာ စောင့်ထိန်းခြင်းအားဖြင့်
မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ ခရစ်တော်ကို
ယုံကြည်ကြ၏ " ( ဂါလား ၂း ၁၆)။ ဤကျမ်းချက်သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်
မဟုတ်သော လူလုပ် ဥပဒေများကို ရှင်ပေါလု ရည်ညွှန်းကြောင်း သိသာစေသည်။ ထို့ကြောင့် ဂါလားဆီယာ
(ဂါလာတိ) သြ၀ါဒစာ ၅း ၆ ၌ " ယေဇူးခရစ်တော်၌
ရှိသော သူတို့အတွက် အရေဖျားလှီးခြင်း ခံရသည်ဖြစ်စေ၊ မခံသည် ဖြစ်စေ မည်သို့မျှ အကျိုး
မထူးပေ။ ချစ်ခြင်း မေတ္တာအားဖြင့် ပေါ်လွင်ထင်ရှားသော ယုံကြည်ခြင်းသာလျှင် ၎င်းင်းတို့အတွက်
အရေးကြီးလေသည် " ဟု ရှင်ပေါလု ဆိုထားလေသည်။ ထို့ကြောင့် ပညတ်တရား၏အကျင့်အားဖြင့်
ကယ်တင်ခံရသည်မဟုတ် ဟု ရှင်ပေါလု ဆိုခြင်းမှာ ထိုမိုးဇက်ဥပဒေများကို လိုက်နာကျင့်ကြံခြင်းအားဖြင့်
ကယ်တင်မခံရဟု ဆိုခြင်း ဖြစ်သည်။
ရှင်ယာကုပ်အနေနှင့် ကျင့်ကြံခြင်း ဟု ဆိုရာ၌ ကောင်းသော
အကျင့်၊ မေတ္တာတရား အကျင့် ( ယာ ၂း ၈) တို့ကို ဆိုလိုခြင်း ဖြစ်သည်။ ဧ၀ံဂေလိ တရားတော်ကို
နာခံသောအားဖြင့် ( ယာ ၁း ၂၁) လိုက်နာစောင့်ထိန်းသော မေတ္တာပညတ်ကို ရည်ညွှန်းခြင်းဖြစ်သည်
(ယာ ၁း ၈)။ မုဆိုးမများ၊ မိဘမဲ့များ (ယာ ၂း ၂၇)၊ မရှိဆင်းရဲသားများအား (ယာ ၂း ၅-၆၊
၁၅-၁၆) ပြုစုစောင့်ရှောက်ခြင်း နှင့် လူသားချင်းအပေါ် မေတ္တာထားခြင်း (ယာ ၂း ၈)ကို ဆိုလိုသည်။
ရှင်ယာကုပ်အနေနှင့် ခရစ်တော်ကို ယုံကြည်ရာမှ ဖြစ်ထွန်းသော ကောင်းသော အကျင့်များကို
သွန်သင်နေခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း ဆိုသည်မှာ ၎င်းင်းအတွက် ခရစ်တော်၏ တရားတော်ကို
နာခံခြင်း ဖြစ်သည် ( ယာ ၁း ၂၂)။
ရှင်ယာကုပ်အနေနှင့်
ကျင့်ကြံခြင်းကို အလေးပေး သွန်သင်ရခြင်းမှာ မိမိဟောပြောသော သူများသည် ဘာသာဝင် ဖြစ်ပြီးသူများ
ဖြစ်ပြီး ခရစ်တော်ကို ယုံကြည်ဝန်ခံသည်မှ တဆင့်တက်၍ မေတ္တာတရားဖြင့် ဘ၀၌ ယုံကြည်ခြင်းအသီးအပွင့်
ဖြစ်ထွန်းစေရန် ရည်ရွယ် သွန်သင်ပေးခြင်း ဖြစ်သည်။
ရှင်ပေါလုသည်လည်း
ရှင်ယာကုပ်နည်းတူ သွန်သင်ခြင်းပင်ဖြစ်သည်။
ရှင်ပေါလုအနေနှင့် ယုံကြည်ခြင်းကို အလေးပေး သွန်သင်ရခြင်းမှာ မိမိထိတွေ့ ဟောပြောနေရသူ
အများစုမှာ ယုံကြည်သက်ဝင်လာမည့်သူများ နှင့် ယုံကြည်သက်ဝင်ခါစ ဘာသာဝင်များ ဖြစ်သောကြောင့်
ခရစ်ယာန်တို့၏ အခြေခံအုတ်မြစ်ဖြစ်သည့် ခရစ်တော်၌ ယုံကြည်ခြင်းကို အဦးဆုံး ခိုင်မာစေရန်ဖြစ်သည်။ ယုံကြည်ပြီးသည်နောက် ထိုယုံကြည်ခြင်းကြောင့် မည်သို့
နေထိုင်ကျင့်ကြံရမည်ကိုလည်း အလေးအနက် ဟောပြော သွန်သင်ခဲ့သည်။ " လွတ်လပ်မှုရရှိစေရန် အလို့ငှာ ခရစ်တော်သည် ငါတို့ကို လွတ်မြောက်စေတော်မူပြီ။
ထို့ကြောင့် တည်ကြည် မြဲမြံစွာ ရပ်တည်ကြလော့။ ကျွန်ဘ၀၏ ထမ်းပိုးအောက်သို့ နောက်တဖန်
မကျရောက်စေကြနှင့် " (ဂါလား ၅း ၁)။ ဧဖက်ဆု သြ၀ါဒစာ ၄း ၁ ၌လည်း မိမိတို့ ခံယူရရှိသော
ခေါ်တော်မူခြင်း နှင့်ထိုက်တန်သည့် ဘ၀အသက်တာကို လိုက်နာကျင့်ကြံကြရန် ဆုံးမထားသည်။ ထိုက်တန်သည့် ဘ၀အသက်တာဖြင့် နေထိုင်ရမည် ဆိုသည်မှာ
ခရစ်၏ ၀ိညာဉ်တော်ကိုလည်းကောင်း (ဧဖက် ၄း ၄-၆)၊ ခရစ်တော်၌ ယုံကြည်ခြင်းကိုလည်းကောင်း
လက်ခံရရှိထားပြီ ဖြစ်သောကြောင့် အသစ်သော ဘ၀အသက်တာဖြင့် (ရော ၆း ၄) အသက်ရှင်ကြရမည် ဖြစ်သည်။
ထို့အပြင် ခရစ်တော်ကြွလာမည့် အချိန်အတွက် ဖြောင့်မတ်စွာ ကျင့်ကြံကြရန်၊ အပြစ်တင်ခွင့်နှင့်
ကင်းစွာ နေထိုင်ကြရန် နှင့် အစွန်းအကွက်မရှိ အသက်ရှင်ကြရန်လည်း ဆုံးမထားသည် ( ၁ သက်သာ
၃း ၁၃၊ ၄း ၃-၇၊ ၅း ၂၃/ ဖိလိ ၁း ၁၀၊ ၂း ၁၅/ ရော ၁၆း ၁၉)။
ယုံကြည်ခြင်းနှင့်
ကျင့်ကြံခြင်း
ငါယုံကြည်သည် သို့မဟုတ် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု
နှုတ်ဖြင့် ပြောလိုက်ရုံနှင့် လူတစ်ယောက်၌ အမှန်တကယ် ယုံကြည်ခြင်း ရှိသွားသည် မဟုတ်ပေ။
နှုတ်ဖြင့် ၀န်ခံပြောဆိုခြင်းသည် မည်သည့် အသီးအပွင့်မျှ မဖြစ်ထွန်းစေလျှင် မည်သည့်အကျိုးမျှ
ပေးစွမ်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ရှင်ယာကုပ်က " လူတစ်ဦးက သူ၌ ယုံကြည်ခြင်း
ရှိသည် ဆိုသော်လည်း သူသည် ကျင့်ကြံမှု မရှိလျှင် မည်သည့် အကျိုးကို ရရှိမည်နည်း
" (ယာ ၂း ၁၄) ဟုဆိုခြင်း ဖြစ်သည်။ ထို့ထက် "ကျင့်ကြံမှု မရှိသော ယုံကြည်ခြင်းသည်
အချည်းနှီး သက်သက်ပင် ဖြစ်သည် " ( ယာ ၂း ၂၀) ဟုပင် ဆိုခဲ့သည်။ " ညီအစ်ကို၊
သို့မဟုတ် နှမသည် အ၀တ်အစားလိုအပ်၍ အစားအစာလည်း ချို့တဲ့နေပါလျှင် သင်တို့တွင် တစ်ဦးက
ငြိမ်းချမ်းသာယာခြင်းဖြင့် သွားလော့။ နွေးထွေးစွာ နေ၍ ၀လင်စွာ စားပါလော ဟုပြောလျက်
သူတို့အား ခန္ဓာကိုယ်အတွက် လိုအပ်သော အရာများကို မပေးပါက အဘယ်အကျိုးရှိမည်နည်း
" (ယာ ၂း ၁၅-၁၆)။ မိမိ ၀န်ခံထွက်ဆိုသည့် ယုံကြည်ခြင်းနှင့် ကိုက်ညီသော ကျင့်ကြံမှုကို
ရှင်ယာကုပ် တောင်းဆိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် ယုံကြည်သည်ဟု နှုတ်ဖြင့် ၀န်ခံ ပြောဆိုရုံဖြင့်
ငါ၌ ယုံကြည်ခြင်း အမှန် ရှိနေပြီဟု တစ်ထစ်ချ မပြော နိုင်ကြောင်း ရှင်ယာကုပ် ဆိုလိုခြင်း
ဖြစ်သည်။ ဤသို့သာ ပြော၍ရသည်ဆိုလျှင် နတ်ဆိုးများ ပင်လျှင် ဘုရားသခင်ကို ယုံကြည်ကြကြောင်း
ထောက်ပြထားသေးသည် (ယာ ၂း ၁၉)။
ယေဇူးခရစ်တော်ကိုယ်တိုင်သည်လည်း " သူတို့၏
အကျင့်များကို ကြည့်၍ သူတို့သည် မည်သို့သော သူများ ဖြစ်သည်ကို သင်တို့ သိကြလိမ့်မည်
" ဟု မိန့်ဆိုတော်မူခဲ့သည်။ မည်သို့ဆိုစေ ရှင်ယာကုပ်အနေနှင့် ယုံကြည်ခြင်းသည်
ကျင့်ကြံခြင်းမှ ဖြစ်လာသည်ဟု မဆိုပေ။ ယုံကြည်ခြင်းသည် အဦးလာပြီး ထိုယုံကြည်ခြင်း အမှန်ရှိလျှင်
ကောင်းသော အကျင့်များကို ဖြစ်ထွန်းစေရမည်ဟု အသားပေး သွန်သင်ခြင်းသာ ဖြစ်သည် (ယာ ၂း
၁၄-၂၆)။ ထို့ကြောင့်လည်း ရှင်ယာကုပ်သည် " အကျင့် တစ်ခုတည်း ဖြင့်သာလျှင်"
ဟုမဆိုဘဲ " ယုံကြည်ခြင်း တစ်ခုတည်းဖြင့် သာလျှင်မဟုတ်ဘဲ" ဟု ဆိုခြင်းဖြစ်သည်။
ယေဇူးကိုယ်တော်တိုင်ပင်လျှင် ဤအချက်ကို အခိုင်အမာ အတည်ပြုထားပေသည်။ " ငါ့ကို ယုံကြည်သော
သူသည် ငါပြုသော အမှုအရာတို့ကို ပြုလိမ့်မည်။ သူသည် ယင်းထက် ကြီးမြတ်သော အရာများကိုလည်း
ပြုလိမ့်မည် " ( ယော ၁၄း ၁၂)။
နိဂုံးချုပ်
ခရစ်တော်၌ ယုံကြည်ခြင်းသည် ခရစ်ယာန်တို့၏ အခြေခံ
အုတ်မြစ်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကြောင့် ကယ်တင်ခံကြရသည်။ မှန်၏။ ကယ်တင်ခံရရန်လည်း
အမှန်တကယ် ယုံကြည်ရန်လိုအပ်သည်။ စစ်မှန်သောယုံကြည်ခြင်းသည် ယုံကြည်သူဘ၀၌ အကျင့်ကောင်းများကို
မွေးဖွားစေသည်။ ထိုအကျင့်ကောင်းများသည် ယုံကြည်သူ၏ ဖြောင့်မတ်ခြင်းကို တည်မြဲစေကာ ကယ်တင်ခြင်းအတွက်
မျှော်လင့်ချက်ပေးသည်။ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ပေးသည်ဟု ဆိုရသည်မှာ ကယ်တင်ခြင်းသည်
ရှိမြဲရှိမည် ဖြစ်သော်လည်း လက်ခံသူအနေနှင့် ဆုံးရှုံး နိုင်သောကြောင့်ဖြစ်သည်။ ယေဇူးက
" လူသည်ကား ဤစကြ၀ဠာတစ်ခုလုံးကို အစိုးရသော်လည်း မိမိ၏ အသက်ဝိညာဉ် ဆုံးရှုံးလျှင်
အဘယ်အကျိုး ရှိမည်နည်း " (မာတေး ၁၆း ၂၆) ဟု မိန့်ဆိုတော်မူခဲ့သည်။ ထို့အပြင် မိမိ၏
မကောင်းမှု အကျင့်များကြောင့် ကယ်တင်ခြင်း ဆုံးရှုံးနိုင်ကြောင်း ရှင်ပေါလုမှ ပြင်းထန်စွာ
သတိပေးခဲ့သည်။ " အသွေးအသား၏ လုပ်ဆောင်ချက်များသည် ထင်ရှားလှပေ၏။ ယင်းတို့သည်ကား
ကာမဂုဏ် ကျူးလွန်ခြင်း မစင်ကြယ်ခြင်း အကျင့်တရားဖောက်ပြန်ခြင်း၊ ရုပ်တု ကိုးကွယ်ခြင်း၊
စုန်းကဝေအတတ် လိုက်စားခြင်း၊ မလို မုန်းထားခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း၊ မနာလိုခြင်း၊
စိတ်ဝမ်းကွဲခြင်း၊ အုပ်စုကွဲပြားခြင်း၊ သ၀န်တိုခြင်း၊ လူ့အသက်သတ်ခြင်း၊ သောက်စား မူးယဇ်ခြင်းနှင့်
အပျော်အပါး လွန်ကျူးခြင်း စသည်တို့ဖြစ်သည်။ ဤအမှုအရာများကို ပြုကျင့်ကြံသော သူတို့ သည်
ဘုရားသခင်၏ နိုင်ငံတော်ကို အမွေ ခံကြရလိမ်မည် မဟုတ်ဟု ယခင် ငါသတိပေးခဲ့သည့် အတိုင်း
သင်တို့ကို ငါယခု သတိပေးပါ၏ " ( ဂါလား ၆း ၁၉- ၂၁)။
မည်သို့ဆိုစေ
ယုံကြည်ခြင်းနှင့် ကျင့်ကြံခြင်းတို့သည် တစ်ခုတည်းသော အရာဖြစ်သည်။ ၎င်းတို့သည် 2 in 1
ဖြစ်သည်။ ရှင်ပေါလု၏ အဆိုအရ ခရစ်တော်၌ ယုံကြည်ခြင်းသည် ချစ်ခြင်းမေတ္တာအားဖြင့် ပေါ်လွင်ထင်ရှားသော
ယုံကြည်ခြင်းဖြစ်သည် (ဂါလာ ၅း၆)။ ၎င်းင်းယုံကြည်ခြင်းသည်သာ
ယုံကြည်ခြင်းမည်ပြီး ၎င်းယုံကြည်ခြင်းက ယုံကြည်သူတိုင်းအား မိမိကယ်တင်ခြင်းကို မျှော်လင့်စေနိုင်မည်
ဖြစ်ပေသည်။
Fr. Aloysius ThetHtweAung