Showing posts with label ကက်သလစ် ခရစ်ယာန်ဘာသာ အကြောင်း တစ်စွန်းတစ်စ. Show all posts
Showing posts with label ကက်သလစ် ခရစ်ယာန်ဘာသာ အကြောင်း တစ်စွန်းတစ်စ. Show all posts

Thursday, March 7, 2013

ကက်သလစ် ခရစ်ယာန်ဘာသာ အကြောင်း တစ်စွန်းတစ်စ


ရန်ကုန်မြို့သို့ အပြန် စာရေးသူကို သင်္ကန်းဖြူဖြူနဲ့ မြင်သည့် တက္ကစီကား ဆရာက “ဆရာက ဘယ်သူပါလဲ။ ဘယ်လိုခေါ်ပါသလဲ” ဟု မေးလာပါသည်။
“ကက်သလစ် ဘုန်းတော်ကြီးပါ”
“အော် ဘုန်းတော်ကြီး ကိုး။”
    စာရေးသူကပင် ဆက်ပြီး
      “ကက်သလစ် ဘာသာ အကြောင်းကြား ဖူးလား။”
    “ကြားဖူးပါတယ်။ ကက်သလစ်ဘာသာက မယ်တော်အမေကို ကိုးကွယ်တဲ့ ဘာသာ။ ခရစ်ယာန်ဘာသာက သားတော်ကို ကိုးကွယ်တဲ့ ဘာသာ မဟုတ်လား။”
    မသိကျွမ်းသော၊ သိခွင့်ရတာ နည်းသော ပုဂ္ဂိုလ်ဖြစ်တာကို ရိပ်စားမိတာကြောင့် သူ့ကို ကက်သလစ် ဘာသာအကြောင်း အနည်းငယ်ပြောပြ လိုက်ရပါသည်။    
    “ကက်သလစ်ဘာသာ ဆိုတာကို ကြားပဲကြား ဖူးတယ်။”
    “ကက်သလစ်ဘာသာဆိုတာ မိန်းမကို ကိုးကွယ်တာတဲ့။” စသည့် မှတ်ချက်မျိုးကို ကိုယ်တိုင် အကြိမ်ကြိမ် ကြားခဲ့ ရဖူးပါသည်။ ကြားရတိုင်းလည်း တွန့်ကနဲ နေအောင် ခံစားခဲ့ရသည့် မှတ်ချက်များဖြစ် ပါသည်။

“ကက်သလစ် ဘာသာအကြောင်းလေ့လာချင်လို့ စာအုပ် ကလေးတွေပေးပါဦး။”

    သည်တောင်းဆိုမှုမျိုးကိုလည်း မကြာခဏ ကြုံရပါသည်။ အဖြေပေးဖို့ ခက်သည့်တောင်းဆိုမှု ကလေး များဖြစ်ပါသည်။ ဘာ့ကြောင့်ဆို ကက်သလစ် ဘာသာ အကြောင်းကို မြန်မာ တစ်ယောက်က ဖတ်ပြီး နားလည် နိုင်အောင်ရေးသားထားသော စာအုပ်ကို ယနေ့တိုင် မ တွေ့ဖူးသေးတာကြောင့်ဖြစ် ပါသည်။ ထို့ကြောင့်လည်း “ကက်သလစ် ဘာသာအကြောင်း တစ်စွန်းတစ်စ” ဆောင်းပါးလေးများရေးသားဖို့ စိတ်ကူး ရလာခဲ့ပါသည်။

    “ကက်သလစ် ဘာသာ”ဆိုသည်မှာယေဇူး ဘုရား ကိုယ်တော်တိုင် တည်ထောင်မူခဲ့သည့် ဘာသာ ဖြစ်ပြီး၊ ကက်သလစ် ခရစ်ယာန် ဘာသာဟုခေါ်ပါသည်။

    “ခရစ်ယာန်” ဆိုသည်မှာ “ယေဇူး ခရစ်တော်”အား ဘုရားအဖြစ် ကြည်ညို ကိုးကွယ်၍၊ အရှင်၏ တရားတော် အစုစုအား ခိုလှုံရာ အဖြစ် ရိုကျိုး ဆည်းကပ်သူများဟု အဓိပ္ပါယ် ရပါသည်။

    “ယေဇူး” ဆိုသည်မှာ မယ်တော် မာရိယာဝမ်း ကြာသိုက်မှာ ဘုန်းတော်ဖြင့် ပဋိသန္ဓေ စွဲယူတော်မူမည့် အကြောင်း ကိုယ်ထင်ပြ အမိန့်တော်ရှိစဉ်က သိကြားမင်း ကိုယ်တိုင် မှည့်ခေါ်ပေးခဲ့သည့် အမည် နာမဖြစ်ပြီး၊ “ခရစ်တော်” ဟူသည်  ယေဇူး၏ ဘွဲ့နာမတော်ဖြစ်၏။ “မင်္ဂလာဆီဖြင့် သွန်းလောင်း ဘိက်သိက် ခံရသူ”ဟု အဓိပ္ပါယ်ရ၏။