Showing posts with label မိမိအရှင် ထာဝရဘုရားသခင်ကို ချစ်မြတ်နိုးပါ. Show all posts
Showing posts with label မိမိအရှင် ထာဝရဘုရားသခင်ကို ချစ်မြတ်နိုးပါ. Show all posts

Sunday, September 2, 2012

မိမိအရှင် ထာဝရဘုရားသခင်ကို ချစ်မြတ်နိုးပါ


 မိမိအရှင် ထာဝရဘုရားသခင်ကို ချစ်မြတ်နိုးပါ


မိမိအရှင် ထာဝရဘုရားသခင်ကို ချစ်မြတ်နိုးပါ
(ဘုရားသခင်နှင့်ဆိုင်ရာ ပညတ်တော်သုံးပါး)
ပထမပညတ်တော်
 ဘုရားသခင်မှတစ်ပါး မည်သည့်အရာ သတ္တ၀ါကို ဘုရားအမှတ်နှင့် ကိုးကွယ်ခြင်း မပြုနှင့်။

ပထမပညတ်တော်က ဘာကိုတောင်းဆိုသလဲ
ဘုရားသခင် တစ်ပါးတည်းကိုသာ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုပါတယ်။ ရှင်လုကာ ခရစ်ဝင်ကျမ်း ၄း ၈ မှာလည်း သင်၏အရှင် ထာဝရဘုရားသခင်ကို ရှိခိုးကိုးကွယ်ရ မည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ အစေခံရ မည် ဆိုပြီး ယေဇူးခရစ်တော်သခင် ကိုယ်တော်တိုင် မိန့်ဆိုထားကြောင်း တွေ့ရပါတယ်။

ဘယ်လို ကိုးကွယ်ဆည်းကပ်မလဲ
ကိုယ်တော်ရှင်၌ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခင် မြတ်နိုးခြင်းဖြင့် ရှိးခိုးကိုးကွယ်ဆည်းကပ်ရမယ်။ ကိုယ်တော်ရှင်ကို တိုင်တည်ပြီး ဆုတောင်း ၀တ်ပြုရမယ်။

ယုံကြည်ခြင်းရှိတယ်ဆိုတာဘာလဲ
ယုံကြည်ခြင်းရှိတယ်ဆိုတာ ဘုရားသခင်နှင့် ဘုရားသခင်၏ တရားတော်ကို သိအောင် လုံ့လထုတ်ပြီး ကြိုးစားတာ။ မိမိသိလာတဲ့ ဘုရားသခင်နှင့် ဘုရားသခင်၏ တရားတော်ကို လက်ခံ ယုံကြည်တာ။ မိမိလက်ခံတဲ့ ယုံကြည်ချက်ကို ဘ၀မှာ  လက်တွေ့အသက်ရှင် နေထိုင်တာ ဖြစ်ပါတယ်။

ဘုရားသခင်၌ မျှော်လင့်တယ်ဆိုတာဘာလဲ
ဘုရားသခင်၌ မျှော်လင့်တယ်ဆိုတာ ဘုရားသခင်က ထာဝရအသက်ကို ပေးမယ်၊ ဒီထာဝရအသက်ကို ရဖို့ လည်း နည်းလမ်းတွေကို ဒီဘုရားကပဲပေးမယ် ဆိုတာကို တစ်ထစ်ချ ယုံကြည်နေတာ ဖြစ်တယ်။

ချစ်ခင်မြတ်နိုးခြင်း ဆိုတာဘာလဲ
ချစ်ခင်မြတ်နိုးခြင်းဆိုတာ ဘုရားသခင်ကို အရာအားလုံးထက် မြတ်နိုးဖို့ ဖြစ်တယ်။ ဘုရားသခင်ဟာ ဆုံးစမရှိ ကောင်းမြတ်တော်မူတဲ့ အတွက်ကြောင့် ချစ်မြတ်နိုးရမှာ ဖြစ်တယ်။ နောက်တစ်ခုက မိမိနဲ့ နီးစပ်သူ လူသားတွေကို မိမိကိုယ်ကို မိမိချစ်မြတ်နိုးသကဲ့သို့ ဘုရား၏ မျက်နှာကိုထောက်ပြီး မေတ္တာထား မြတ်နိုးရမှာဖြစ်တယ်။

ယုံကြည်ခြင်းမြဲဖို့ ဘယ်လိုလုပ်မလဲ
ယုံကြည်ခြင်းမြဲဖို့အတွက် ဆုတောင်းရမယ်။  မိမိဘာသာတရားအကြောင်းကို လေးလေးနက်နက် လေ့လာရမယ်။ ဖတ်မှတ်ရမယ်။ မိမိ ယုံကြည်တဲ့အတိုင်း အသက်ရှင် နေထိုင်ရမယ်။ သာသနာဖျက်သူတွေရဲ့ လုပ်ရပ်တွေမှာ ပါဝင်မပတ်သက်မိဖို့ သတိရှိရမယ်။

ယုံကြည်ခြင်းနဲ့ ဆန့်ကျင်တဲ့ အပြစ်တွေက ဘာလဲ
မိမိယုံကြည်ချက်ကို အပြီးစွန့်လွတ်ခြင်း၊ သာသနာတော်၏သွန်သင်ချက်ကို လက်ခံရန် ခေါင်းမာစွာ ငြင်းဆန်ခြင်း သို့မဟုတ် သာသနာတော်၏ သွန်သင်ချက်နှင့်  ဆန့်ကျင်၍ လွဲမှားစွာ ယူဆလက်ခံခြင်း၊ ဘာသာတရားကို ဥပေက္ခာပြု ခြင်းနှင့် ဘာသာခြားတို့၏ ရှိးခိုး ၀တ်ပြုမှုတို့၌ တက်ကြွစွာ ပါဝင်ခြင်းတို့ ဖြစ်ပါတယ်။

မျှော်လင့်ခြင်းနဲ့ ဆန့်ကျင်တဲ့ အပြစ်က ဘာလဲ
မိမိရဲ့ ၀ိညာဉ်ကို အပြစ်တရားကနေ ကယ်တင်ဖို့ ဘုရားသခင် ကူညီမယ်ဆိုတာကို အယုံအကြည်မရှိတာ။ ဘုရားသခင်ရဲ့ အကူညီမပါဘဲ မိမိခွန်၊ မိမိအားနဲ့ အပြစ်တရားကနေ လွတ်မြောက်နိုင်တယ်၊ ကယ်တင်ခြင်းရနိုင်တယ်၊ သန့်ရှင်းဖြောင့်မတ်နိုင်တယ်လို့ မှားယွင်းစွာယူဆတာ။ ဒါမှမဟုတ် မိမိခွန်၊ မိမိအား မပါဘဲ ဘုရားသခင်တန်ခိုးတစ်ခုနှင့်သာ အပြစ်တရားကနေ လွတ်မြောက်ရတယ်၊ ကယ်တင်ခြင်းရတယ်၊ သန့်ရှင်းဖြောင့်မတ်တယ်လို့ မှားယွင်းစွာယုံကြည်ယူဆတာ။ ဒါတွေက မျှော်လင့်ခြင်းကို ဆန့်ကျင်တဲ့ အပြစ်ဖြစ်ပါတယ်။

မေတ္တာတရားကို ဆန့်ကျင်တဲ့အပြစ်ကဘာလဲ
မုန်တီးခြင်းပါ။ ဘုရားကို မုန်တီးခြင်း၊ တရားကို မုန်းတီးခြင်း၊ ဘာသာတရားကို မုန်းတီးခြင်း၊ နီးစပ်သူ လူသားတွေကို မုန်းတီးခြင်း တို့ဖြစ်ပါတယ်။ ဒီအထဲမှာ မနာလိုခြင်း၊ တစ်ပါးသူ ပျက်စီးရာ ပျက်စီးကြောင်း ကြံစည် လုပ်ဆောင်ခြင်းများလည်း ပါဝင်ပါတယ်။

ပထမပညတ်တော်က ဘာတွေ တားမြစ်ထားသေးလဲ
သန့်ရှင်းမြင့်မြတ်တဲ့ ပုဂ္ဂိုလ်၊ ဌာန နှင့် ၀တ္ထုများအား  မဖွယ်မရာပြုခြင်းတွေ ကိုတားမြစ်ပါတယ်။ အယူသီးခြင်းကိုတားမြစ်ပါတယ်။ အရာဝတ္ထုတစ်ခု သို့မဟုတ် သတ္တ၀ါတစ်ခုကို ဘုရားကဲ့သို့ တန်ခိုးပါဝါရှိကြောင်း ယုံကြည်ဆည်းကပ်တာကို တားမြစ်တယ်။ အိပ်မက်ဖတ်တာ၊ ဗေဒင်မေး/တွက်တာ၊ နတ်ပူဇော်ပသတာ တွေကို လည်း ပထမ ပညတ်တော်ကတားမြစ်ပါတယ်။

ဒုတိယပညတ်တော်
ဘုရားသခင်၏ နာမတော်မြတ်ကို မရိုမသေ အလွဲသုံးစား မပြုနှင့်။

ဒုတိယပညတ်တော်က ဘုရား၏ နာမတော်မြတ်ကို ရိုသေလေးမြတ်စွာဖြင့် သုံးနှုန်း၊ ခေါ်တဖို့ တောင်းဆိုပါတယ်။ မိမိဒေါသကို ထုတ်ဖော်ပြရန် ဘုရား၏နာမတော်ဖြင့် ဆဲဆိုကြိမ်းဝါး ခြင်းကို တားမြစ်ပါတယ်။ ဘုရားသခင်၏ နာမတော်မြတ်၌ ပြုသော သစ္စာဆိုခြင်းကို အလေးထားပြီး သစ္စာရှိစွာ လိုက်နာဖို့ ကိုလည်း သွန်သင်ပါတယ်။ ဘုရားသခင်၏ နာမတော်မြတ်ကို မှန်ကန်သော တရားအမှုအတွက်သာ ခေါ်တပြီး ကျိန်ဆိုနိုင်ပါတယ်။ မမှန်ကန်သော ဒုစရိုက်အမှု ပြုလုပ်ရန်အတွက် ဘုရားသခင်၏ နာမတော်မြတ်ကို ခေါ်တပြီး ကျိန်ဆိုခြင်းကို တားမြစ်ပါတယ်။လိမ်လည်ဖို့ရန် ဘုရား၏နာမတော်ကို ခေါ်တ သစ္စာပြုခြင်းဟာ မှားယွင်းပါတယ်။ တစ်ဦး တစ်ယောက်အပေါ် မကောင်းမှုကျရောက်ပါစေရန် ဘုရား၏ နာမတော်ကို ခေါ်တ တောင်းဆုပြုခြင်းကိုလည်း ဤပညတ်တော်က တားမြစ်ပါတယ်။

တတိယပညတ်တော်
ဘုရားသခင်၏ သတင်းဥပုသ်နေ့ကို စောင့်လော့။

သီးခြားနေ့ရက်မှာ ဘုရားသခင်ကို တထူးတခြား ရှိခိုးဝတ်ပြုဖို့ ဤပညတ်တော်က တောင်းဆိုပါတယ်။ တထူးတခြား ဆိုတဲ့နေရာမှာ မစ္ဆား တရားတော်မြတ်အားဖြင့် ဘုရားသခင်ကို ရှိးခိုးဝတ်ပြုဖို့ သာသနာတော်က သွန်သင်ပါတယ်။  တနင်္ဂနွေနေ့ ဥပုသ် နေ့ရက်ဟာ ဘုရားသခင်အတွက် သီးသန့် ဖယ်ချန် ဆက်ကပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ကောင်းမှု ကုသိုလ် ပြုအပ်သော နေ့ရက်လည်းဖြစ်ပြီး ဘုရားအတွက်သော်လည်းကောင်း၊ မိမိအတွက် သော်လည်းကောင်း၊ တစ်ပါးသူအတွက် သော်လည်းကောင်း လိုအပ်သည် မရှိဘဲ ပင်ပန်းကြီးစွာဖြင့် လောဘတကြီး လုပ်ငန်းခွင် ၀င်ခြင်းကို တားမြစ်ပါတယ်။ 

Fr.သက်ထွေးအောင်