Showing posts with label ယုံကြည်ခြင်း နှင့် ကျင့်ကြံခြင်း. Show all posts
Showing posts with label ယုံကြည်ခြင်း နှင့် ကျင့်ကြံခြင်း. Show all posts

Friday, April 5, 2013

"ယုံကြည်ခြင်း" နှင့် "ကျင့်ကြံခြင်း"


                                               ယုံကြည်ခြင်း နှင့် ကျင့်ကြံခြင်း

(သို့မဟုတ်)

ရှင်သန်နေသော ယုံကြည်ခြင်း
    "ခရစ်တော်ယေဇူးကို ယုံကြည်ပါသည်" ဟုဝန်ခံပြောဆိုရုံနှင့် ကယ်တင်ခြင်းရပြီ ဆိုသော စကားကို ကြားဖူးကြပေမည်။ ၎င်းင်းအယူအဆသည် (Martin Luther, The Monk - ၁၅ ရာစု) မာတင်လူသာ မှစ၍ အချို့သော ခရစ်ယာန် ဂိုဏ်းကွဲများအကြား ထွန်းကားလာခဲ့သော  "ဘုရားသခင်၏ ကျေးဇူးတော် တစ်ခုတည်းသာလျှင်"၊ "ယုံကြည်ခြင်း တစ်ခုတည်းသာလျှင်"၊ "သမ္မာကျမ်းစာတစ်ခုတည်းသာလျှင်" ဆိုသည့် အယူဝါဒများမှ အခြေခံလာသည် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကျေးဇူးတော် တစ်ခုတည်းကြောင့်သာလျှင် ဖြောင့်မတ်ကြပြီး ကယ်တင်ခြင်းရနိုင်သည် ဟုယုံကြည်ယူဆခြင်း၊ သမ္မာကျမ်းစာပါ ဘုရားသခင်၏ နှုတ်တော်ထွက် စကားတစ်ခုတည်း ကြောင့်သာလျှင် ကယ်တင်ခြင်း ရနိုင်သည်ဟု ယုံကြည်ယူဆခြင်း နှင့်  ( အကျင့်မပါသော) ယုံကြည်ခြင်း တစ်ခုတည်းကြောင့်သာလျှင် ဖြောင့်မတ်ပြီး ကယ်တင်ခြင်းရနိုင်သည် ဟုယုံကြည်ယူဆခြင်း ဖြစ်သည်။ မည်သည့် ကောင်းမှုပင် ပြုနေစေကာမူ၊ အဘယ်သော ပါရမီပင် ကျင့်ဆောင်နေကာမူ ထိုအရာများသည် မိမိကယ်တင်ခြင်းအတွက် အချည်းနှီးပင် ဖြစ်သည်ဟု ယုံကြည်ယူဆခြင်းဖြစ်သည်။ သို့သော်လည်း ကက်သလစ်ခရစ်ယာန်များအနေနှင့် နှုတ်ဖြင့် ထွက်ဆိုသော ယုံကြည်ခြင်းတစ်ခုတည်းသာ မဟုတ်ဘဲ ထိုယုံကြည်ခြင်း၌ ကျင့်ဆောင်မှု ပါမှသာလျှင် မိမိကယ်တင်ခြင်းအတွက် မျှော်လင့်နိုင်မည်ဖြစ်ကြောင်း ယုံကြည်ထားကြပါသည်။

"ယုံကြည်သည်ဆိုရုံနှင့် လုံလောက်ပြီ" ဆိုသည့် စကားနောက်ဆက်တွဲသည် ကိုယ်ကျင့်တရားကိုလည်း တစ်နည်းတစ်ဖုံဖြင့် ချိန်းခြောက်နေသည်။ အဘယ်ကြောင့်ဆိုသော်ယုံကြည်သည်ဟုဆိုရုံနှင့် လုံလောက်ပြီ ဟုပြောခြင်းသည် ၀တ်ပြုစရာမလို၊ ကိုယ်ကျင့်တရား မလိုဟု ဆိုလိုလိုက်ခြင်းဖြစ်သည်။ ၎င်းင်းသည် ခရစ်တော်၏ ကိုယ်ကျင့်ဆိုင်ရာ တရားတော် အချုပ်ဖြစ်သည့် "ဘုရားသခင်အပေါ် အကြွင်းမဲ့ မေတ္တာထား ကြည်ညိုခြင်း" နှင့် "လူသားချင်းအပေါ် မေတ္တာထား မြတ်နိုးခြင်း" တို့ကို တိုက်ရိုက် ဆန့်ကျင် နေသည်ဟု ယူဆပါသည်။

    ယုံကြည်မှု (သို့) ယုံကြည်ခြင်းသည် ကျင့်ကြံမှုနှင့် အပ်စပ်ဆက်နွယ်နေကြောင်း ကျွန်ုပ်အနေနှင့် "ရှင်သန်မှု ဖြစ်တည်စေရာ ယုံကြည်ခြင်း" ဆိုသည့် ဆောင်းပါးစာတွင် သာမာန် စဉ်းစားတွေးခေါ်မှု သဘောဖြင့် အနည်းငယ် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဤစာတွင် ယုံကြည်ခြင်းသည် ကျင့်ကြံမှုနှင့် ဆက်စပ်နေကြောင်း သမ္မာကျမ်းစာကို အဓိကအခြေခံ၍ မှတ်သားမိသလောက် တင်ပြအပ်ပေသည်။
(မှတ်ချက်။ မည်သည့်အယူဝါဒကိုမျှ ထိခိုက်တုန့်ပြန် ရေးသားသည်မဟုတ်ပါ။ မိမိတို့ ယုံကြည်သည်ကို ကွဲကွဲပြားပြား သိရန် တင်ပြခြင်းသာဖြစ်ပါသည်။)