အချို့တို့သည် အတွေးအခေါ်အားဖြင့် အမှန်တရားတစ်ခုကို ဆုပ်ကိုင်ရင်း အသက်ရှင်ကြသည်။ အချို့တို့မှာ ယုံကြည်ခြင်းအားဖြင့် အမှန်တရားတစ်ခုကို ဆုပ်ကိုင်ရင်း အသက်ရှင်ကြသည်။ ဆင်ခြင်ဥာဏ်သည် ယုံကြည်ခြင်းကို ဝေဖန်ရှုပ်ချပြီး ယုံကြည်ခြင်းသည်လည်း ဆင်ခြင်ဥာဏ်ကိုပြန်လှန် စိန်ခေါ်တတ်သည်။ ဆင်ခြင်ဥာဏ်သည် မိမိဆင်ခြင်တွေးခေါ်နိုင်သည့် ရုပ်လောကအတွက်သာ တွေးခေါ် အဖြေရှာ နေသည် မဟုတ်၊ လူ့ဘ၀တွင် တွေ့ကြုံ ခံစားရသည့် ရုပ်လွန် လောက အတွက်ကိုပါ စိတ်ဝင်တစား တွေးခေါ် အဖြေရှာလျက် ထင်ကြေးအမျိုးမျိုး ပေးလျက်ရှိသည်။ ဆင်ခြင်ဥာဏ်သည် တစ်ဖက်၌ ယုတ္တိတန်မှုကို တရားသေ ဆွဲကိုင်ထားသော်လည်း စိတ်မှ ခံစားသိနေသည့် ရုပ်လွန်သဘာဝတရားကိုလည်း မလွန်ဆန်နိုင်ဘဲ ရှိနေသည်။ ထို့နည်းတူ ယုံကြည်ခြင်းသည် တစ်ဖက်၌ မေးခွန်းထုတ်စရာ မလိုတော့သည့် အကြွင်းမဲ့ ပြည့်စုံ မှန်ကန်ခြင်း တရားသဘောကို ဆုပ်ကိုင်ထားသော်လည်း ယုံကြည်ခြင်း၏ ကျိုးကြောင်းညီမှုကို တစ်စွန်းတစ်စတော့ သိချင်နေသည်။ အမှန်တော့ ဦးနှောက်၏ ဆင်ခြင်ဥာဏ် နှင့် စိတ်၏ ခံစားယုံကြည်မှုတို့သည် အချင်းချင်း ဆန့်ကျင်ဘက် ပြု၍ မတူညီသော အမှန်တရားကို ရှာဖွေ နေကြသည်မဟုတ်။ ၎င်းင်းတို့သည် အချင်းချင်း ပံ့ပိုး ပြည့်စုံစေလျက် အမှန်တရား တစ်ခုဆီကိုသာ ဦးတည် ပျံသန်းနေကြခြင်းဖြစ်သည်။
ဆင်ခြင်ဥာဏ်
လူ့တိုင်း၏ စိတ်ထဲတွင် အမှန်တရားကို ရှာဖွေလိုသည့် ဆန္ဒ ကိန်းအောင်နေသည်။ လူသည် အမှန်တရားကို သိချင်သည်။ သိချင်သည့် အမှန်တရားကိုလည်း မိမိ၏ ဥာဏ်ဖြင့် စဉ်းစားတွေးခေါ် ၍ ရှာဖွေသည်။ လူသည် မိမိ သိသည်ကို သိနေသည်။ မိမိ သိသည့်အရာသည် မှန်၊ မမှန် ဆိုသည်ကိုလည်း စဉ်းစား တွေးခေါ်နိုင်သည် (ရော ၂း၁၅)။ မှားသည်ဟု ဆင်ခြင်ဥာဏ်သိက ဆုံးဖြတ်ပေးသော အရာကို ငြင်းပယ်၍ မှန်သည်ဟု သိသော အရာကို ကျေနပ်စွာလက်ခံသည်။ လူသည် အမှန်တရားကို သိရုံသာ ရှာဖွေသည် မဟုတ်။ သိရှိသော အမှန်တရားကို ဘ၀တွင် ဖော်ဆောင်ခြင်းဖြင့် ၎င်းင်း၏ ကောင်းမြတ်မှုကိုလည်း လက်တွေ့ ခံစားလိုသည်။ အမှန်တရားကို မိမိ ဘ၀တွင် လက်တွေ့ ဖော်ဆောင်ခြင်းဖြင့် ခံစားရရှိသော ကောင်းမြတ်ခြင်းတို့မှ မိမိ၏ လူ့ဇာတိ သဘောသဘာဝ၏ မြင့်မြတ်မှု၊ အဖိုးတန်မှုတို့ကို တွေ့ရှိ ခံစားလာ ရသည်။ ထိုမှ တဆင့်တက်၍ လူသည် မိမိ လူ့ဘ၀၏ ရှင်သန်နေရခြင်း အဓိပ္ပာယ်၊ လူ့ဘ၀၏ အစနှင့် လူ့ဘ၀၏ ရည်ရွယ်ချက်တို့ကို မေးခွန်းထုတ်၍ အဖြေရှာကြပြန်သည်။ တစ်နည်းအားဖြင့် လူသည် အမှန်တရားကို ရှာဖွေရာတွင် မေးခွန်းထုတ်စရာ မလိုတော့သည့်၊ သံသယ ဖြစ်စရာမလိုတော့သည့် အဆုံးစွန် ပြည့်စုံသော ဘ၀အဖြေနှင့် အမှန်တရားကို လူ့ဗီဇအလျောက် ပစ်မှတ်ထား ရှာဖွေနေသည်။ သို့သော်လည်း အကန့်အသတ်နှင့် ပြီးသောလူ၏ ဥာဏ်သည် (ဆာလံ ၁၃၉း ၁၇-၁၈၊ ပညာအလိမ္မာ ၂၀း၂၄) အဆုံးစွန်ပြည့်စုံသော ဘ၀အဖြေနှင့် အမှန်တရားတို့အတွက် လုံလောက်စွာ မဆင်ခြင် မတွေးခေါ်နိုင်ပေ (ပညာအလိမ္မာ ၁း၇)။ အကန့်အသတ် မဲ့သော လူ့ဝိညာဉ်၏ တောင့်တခြင်းအတွက် အကန့်သတ်မရှိသော သဘာဝထက်သာလွန်သည့် အဖြေတစ်ခု ရှိရပေမည်။ ရှိသည်ကို လည်း လူ့စိတ်မှ ခံစား ယုံကြည်ထားသည်။ ဤခံစားယုံကြည်မှုကိုလည်း လူတိုင်းအား ဘုရားသခင် ပေးထားပေသည် (ရော ၁း၁၉-၂၁)။
ယုံကြည်ခြင်း
လူသည်
ဆင်ခြင်ဥာဏ်အားကို အသုံးပြု၍ အမှန်တရားကို နည်းမျိုးစုံဖြင့်
ရှာဖွေသည်။ ဘ၀အတွေ့ အကြုံအပေါ် သုံးသပ်ဝေဖန်၍ အမှန်တရားကို ရှာဖွေသည်။
သုတေသနပြု၍ အမှန်တရားကို ရှာဖွေသည်။ ဒဿနပညာဖြင့် အကျိုးအကြောင်းကို ဆင်ခြင်
တွေးခေါ်၍ အမှန်တရားကို ရှာဖွေသည် (ပညာ ၁၃း၅)။ သို့သော်လည်း လူ၏
ဆင်ခြင်ဥာဏ်အားသည် အမှန်တရားကို ရှာဖွေရန် တစ်ခုတည်းသော
လူ၏ဗီဇအရည်အသွေးမဟုတ်။လူတွင် ယုံကြည်မှု သဒ္ဓါထားနိုင်သော စိတ်အားလည်း
ရှိသည်။ အမှန်တရားကို ဖွင့်ဟ ပြောပြမည့် တစ်ပါးသူတစ်ယောက် အပေါ် ယုံကြည်မှု
ထားခြင်းဖြင့်လည်း အမှန်တရားကို ရှာဖွေ သိရှိရသည်။ ယေဇူးခရစ်တော်သည်
မိမိဘ၀နှင့် သွန်သင်ချက်တို့မှ အမှန်တရားများကို ဖွင့်ဟ သွန်သင်ပြတော်မူသည်
(ဧဖက် ၄း၂၁၊ ကော် ၁း ၁၅-၂၀)။ ယေဇူးခရစ်တော်သည် အထက်အရပ်မှ ဖြစ်၍
မိမိကိုယ်တိုင်လည်း အမှန်တရား ဖြစ်တော်မူသောကြောင့် (ယော ၁၄း၆)
လူတို့တောင့်တသည့် အဆုံးစွန်သော အမှန်တရားအကြောင်းကို ပြောပြနိုင်သည်။
ယေဇူးခရစ်တော်အပေါ် ယုံကြည်မှု ထားခြင်းဖြင့် ထိုအမှန်တရားများကို သိရှိရသည်။
ယေဇူးခရစ်တော်သည် လူသားတို့ သဘာဝအလျောက် စိတ်တောင့်တသည့်၊
ခံစားယုံကြည်လိုသည့် အဆုံးစွန်သော အမှန်တရားတစ်ခု ဖြစ်သည့်
အကြီးမြတ်ဆုံးသော အနန္တတန်ခိုးတော်ရှင် ဘုရားသခင်ကို ဖော်ပြပေးသည် သာမက (ယော
၁း ၁၄-၁၆၊ ယော ၁၄း၈-၉၊ ဧဖက် ၁း၉) ထိုဘုရားသခင်၌ မှီတည် ပြည့်ဝရသော
လူ့ဘ၀အစ၊ လူ့ဘ၀၏ အဓိပ္ပာယ်၊ လူ့ဘ၀ပန်းတိုင်နှင့် လူ့ဘ၀ လမ်းစဉ် (ယော ၈း၃၂၊ ၁
ယော ၃း၂-၃၊ ကော် ၁း၁၇) တို့ကိုပါ လှစ်ဟ ဖော်ပြ ပေးတော်မူသည်။ဆင်ခြင်ဥာဏ်နှင့် ယုံကြည်ခြင်း
ဆင်ခြင်ဥာဏ်နှင့် ယုံကြည်ခြင်းသည် အမှန်တရားဆီသို့ သယ်ဆောင်ပေးမည့် တောင်ပံတစ်စုံ ဖြစ်သည်။ ၎င်းတို့သည် တစ်ခုနှင့် တစ်ခု ဆန့်ကျင်နေခြင်းမရှိ။ ဆင်ခြင်ဥာဏ်သည် ယုံကြည်ခြင်းအတွက် ပြင်ဆင်ပေး၍ ယုံကြည်ခြင်းသည် ဆင်ခြင်ဥာဏ်ကို လမ်းမလွဲစေရန် ထိန်းကျောင်းပေးသည်၊ ပြည့်စုံစေသည်။ ဆင်ခြင်ဥာဏ် ဖြစ်စေ၊ ယုံကြည်ခြင်းဖြစ်စေ တစ်ခုခုကို ဆုံးရှုံးခဲ့လျှင် လူသည် မိမိကိုယ်ကိုသိနိုင်သော အမှန်တရား၊ လောကကိုသိနိုင်သော အမှန်တရားနှင့် ဘုရားကို သိနိုင်သော အမှန်တရားတို့ကို ဆုံးရှုံးရသည်။ ဆင်ခြင်တွေးခေါ်မှု မရှိသော ယုံကြည်ခြင်းသည် ဒဏ္ဍာရီပုံပြင် နှင့် အယူသီးမှု တို့၌သာ အဆုံးသတ်ကြပြီး ယုံကြည်ခြင်းမရှိသော ဆင်ခြင်တွေးခေါ်မှုတို့သည် မရေရာမှု၌လည်းကောင်း၊ အမှားနှင့် အမှန်မှအစ အရာရာတိုင်းကို တပြေးညီယူဆစေခြင်း၌လည်းကောင်း အဆုံးသတ်ကြရပြီး ကျေနပ်မှု ပေးနိုင်မည့် အမှန်တရားနှင့်လည်း အလှမ်းဝေသည်ထက် ဝေးရပေသည်။ ထို့ကြောင့် ဆင်ခြင်ဥာဏ်နှင့် ယုံကြည်ခြင်းတို့သည် တစ်ခုနှင့် တစ်ခု သီးသန့်စီ ရှိနေကြသည်မဟုတ်။ ဆန့်ကျင်ဘက် ပြုနေကြသည်လည်း မဟုတ်ပေ။ ၎င်းင်းတို့ကို တစ်ခုနှင့်တစ်ခု တဟဇာတကျစွာ ပေါင်းစည်း ပံ့ပိုးစေနိုင်ကြမည်ဆိုလျှင် အဆုံးစွန် ကျေနပ်မှုပေးနိုင်သော အမှန်တရားဆီသို့ ဆိုက်ဆိုက်မြောက်မြောက် ရောက်နိုင်ကြပေမည်။
Fr. သက်ထွေးအောင်

