Wednesday, May 30, 2012

ထာဝရဘုရားသခင်၏ ပညတ်တော် (၁၀)ပါး
(ထွက်မြောက်ရာကျမ်း ၂၀း ၂-၁၇)

၁။ ဘုရားတစ်ဆူအပြင် မည့်သည့်အရာ၊ သတ္တ၀ါကို ဘုရားအမှတ်နှင့် ကိုးကွယ်ခြင်း မပြုနှင့်။
၂။ ဘုရားသခင်၏ နာမတော်မြတ်ကို မရိုမသေ အလွဲသုံးစား မပြုနှင့်။
၃။ ဘုရားသခင်၏ သတင်းဥပုသ်နေ့ကို စောင့်လော့။
၎။ မိဘတို့အား ရိုသေလော့။
၅။ လူ့အသက်ကို မသတ်နှင့်။
၆။ ကာမဂုဏ် အမှု၌ မမွေ့လျှော်နှင့်။
၇။ တစ်ပါးသူ၏ ဥစ္စာကို မခိုးယူနှင့်။
၈။ မမှန်သော သက်သေကို မခံနှင့်။
၉။ တစ်ပါးသူ၏ မယားကို တပ်မက်ခြင်း မရှိနှင့်။
၁၀။ တစ်ပါးသူ၏ ဥစ္စာပစ္စည်းကို လိုချင်သော လောဘစိတ် မရှိနှင့်။ 

ဘုရားအပေါ်မေတ္တာထားရန်နှင့် လူသားတိုင်းအပေါ် မေတ္တာထားရန်
ဘုရားသခင်၏ ပညတ်တော် (၁၀)ပါးကို အကျဉ်းချုံးကြည့်မည်ဆိုလျှင် ပထမ ပညတ်တော် (၃)ပါးတို့သည် ဘုရားသခင်နှင့် သက်ဆိုင်၍ ကျန်ပညတ်တော် (၇)ပါးသည် လူသားများနှင့် သက်ဆိုင်ပေသည်။ ၎င်းသည် ဘုရားသခင်အပေါ် မေတ္တာထားခြင်းနှင့် လူသားတိုင်းအပေါ် မေတ္တာ ထားခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် မေတ္တာထားခြင်းနှင့် လူသားတိုင်းအပေါ် မေတ္တာထားခြင်းသည် ခရစ်ယာန်ကိုယ်ကျင့် တရား၏ အနှစ်ချုပ်ဖြစ်သည်။ ရှင်ပေါလုကလည်း အောက်ပါအတိုင်း ဆုံးမခဲ့သည်။
သင်တို့အချင်းချင်းအပေါ် ၌ ချစ်ခြင်းမေတ္တာကြွေးမှ တစ်ပါး  မည်သည့်အကြွေးမျှမတင်စေနှင့်။ မိမိနှင့်နီးစပ်သူ ကိုချစ်သောသူသည်  ပညတ်တရားကို ပြည့်စုံစေလေ ပြီ။- အကြောင်းမူကား သူ၏မယားကို မပြစ်မှားနှင့်၊ သူ့ အသက်ကိုမသတ်နှင့်၊ သူ၏ပစ္စည်းဥစ္စာကို ခိုးယူခြင်းမပြု နှင့်၊ မမှန်သောသက်သေခံခြင်းမပြုနှင့်၊ သူ၏ပစ္စည်းဥစ္စာ ကို လိုချင်သောလောဘစိတ်မရှိစေနှင့်ဟူသော ပညတ် တော်များနှင့် အခြားပညတ်တို့သည် သင်နှင့်နီးစပ်သော သူအား သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့ဟူသည့် ပညတ်တော်၌ ပေါင်းချုပ်ထားခြင်းဖြစ်၏။- ချစ်ခြင်းမေတ္တာ သည် ကိုယ်နှင့်နီးစပ်သောသူကို မထိခိုက်တတ်။ ထို့ ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရားကို ပြည့်စုံစေ လေ၏ (ရော ၁၃း ၈-၁၁)။

အနိမ့်ဆုံးလိုအပ်ချက်
ပညတ်တော် (၁၀)ပါးကို ဖြည့်ဆည်း လိုက်နာခြင်းသည် ခရစ်ယာန်ကိုယ်ကျင့်တရား ပြီးပြည့်စုံခြင်း မဟုတ်ပေ ။ ခရစ်ယာန်ကိုယ်ကျင့်တရားသည် ကိုယ်ကျင့်ဥပဒေများကို ဖြည့်ဆည်းလိုက်နာခြင်းထက် များစွာ ကျော်လွန်ပေသည်။ ပညတ်တော် (၁၀)ပါးသည် ခရစ်ယာန်ကိုယ်ကျင့်တရား၏ အနိမ့်ဆုံး လိုအပ်ချက်သာဖြစ်သည်။ ဤအနိမ့်ဆုံး လိုအပ်ချက်အောက် ရောက်နေလျှင် ခရစ်ယာန်ကိုယ်ကျင့်တရား မည်သည် ဖြစ်လာနိုင်ဖွယ်ရာအကြောင်းမရှိတော့။ ခရစ်တော်၌ ဘ၀တစ်ခုကို တည်ဆောက်နိုင်ရန်မှာလည်း မည်သို့မျှ မဖြစ်နိုင်တော့ချေ။ ဤလိုအပ်ချက်အောက် ရောက်နေခြင်းသည် ဘုရားကို လက်ခံရန် လုံးဝငြင်းပယ်ခြင်းဖြစ်ပြီး (ယော ၁း ၁၂)၊ ဘုရားအဖြစ်တော်၌ ပါဝင်ခံစားနိုင်ရန် ငြင်းဆိုလိုက်ခြင်း (၂ပေ ၁း ၄)ပင်ဖြစ်သည်။

အမြင့်ဆုံး လိုအပ်ချက်
ပညတ်တော် (၁၀)ပါးသည် အနိမ့်ဆုံး လိုအပ်ချက်ဖြစ်လျှင် အမြင့်ဆုံး လိုအပ်ချက်မှာ မည်သည့်အရာနည်းဟူသော အမေးကို ယေဇူးသခင်သည်သာ အကောင်းဆုံးအဖြေကို ပေးနိုင်ပေလိမ့်မည်။
သင်တို့အချင်းချင်း ချစ်ကြလော့။ သင် တို့ကို ငါချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့။-  သင်တို့အချင်းချင်းချစ်ကြလျှင် လူခပ် သိမ်းတို့သည် ထိုချစ်ခြင်းမေတ္တာကိုထောက်ရှု၍ သင်တို့ သည် ငါ၏တပည့်များဖြစ်ကြောင်း သိကြလိမ့်မည် (ယော ၁၃း ၃၄-၃၅)။
မိမိ၏အသက်ကို စွန့်လွှတ်သောချစ်ခြင်းမေတ္တာထက် ပို၍ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ (ယော ၁၅း ၁၃)။
ထို့ကြောင့် အမြင့်ဆုံးလိုအပ်ချက်သည် ခရစ်တော်ယေဇူးကဲ့သို့ မိမိအသက်ကိုပင် စွန့်လွတ်ရသည့်တိုင်အောင် တစ်ပါးသူအပေါ် မေတ္တာထားခြင်းပင်ဖြစ်သည်။ အမှန်ဆိုရသော် ဤလောကဘ၀တွင် ကိုယ်ကျင့်တရားအတွက် အမြင့်ဆုံးလိုအပ်ချက် ဆိုသည်မှာမရှိ။ အဘယ်ကြောင့်ဆိုသော ချစ်ခြင်းမေတ္တာနှင့် ပတ်သက်လျှင် ပို၍၊ ပို၍သာ ရှိစမြဲဖြစ်ပြီး ချစ်ခြင်းမေတ္တာ သည်လည်း အကန့်သတ် မရှိသောကြောင့် ဖြစ်၏။

Fr.သက်ထွေးအောင်