Sunday, December 23, 2012

ခရစ္စမတ်အခါသမယ

zwani.com myspace graphic comments
ခရစ်တော်ကို ကျွနု်ပ်တို့ ဘ၀ထဲမှာ & မွေးဖွားခွင့် ပေးကြပါစို့။




ခရစ္စမတ် ဆိုလို့ရှိရင် တချို့က ခရစ္စမတ်သစ်ပင်ကို မြင်ယောင်မိကြမယ်။ တချို့က လက်ဆောင်ထုပ်လေးကို မြင်ယောင်မိကြမယ်။ တချို့က ခရစ္စမတ် ကြယ်၊ ရောင်စုံမီးတွေကို မြင်ယောင်မိကြမယ်။ တချို့ကလည်း မိမိနှစ်သက်တဲ့ ခရစ္စမတ်တေးကို ကြားယောင်မိကြမယ်။ တချို့တွေအတွက်ကတော့ ခရစ္စမတ်ဆိုတာ ဈေးပွဲတော်၊ ပါတီပွဲ၊ ဒါမှမဟုတ် သီချင်းလိုက်ဆိုတဲ့ပွဲ လို့ပဲ မြင်ချင် မြင်နေကြမယ်။ တကယ်တော့ ခရစ္စမတ်ဆိုတာ ခရစ်တော်ရဲ့ မွေးနေ့ပွဲတော်။ ဘုရားရှင်ရဲ့ မွေးနေ့ပွဲတော်။ မွေးနေ့ပွဲတော်ဆိုတာထက် ခရစ်တော်ကို အလင်းရှင်အဖြစ် ဂုဏ်ပြုပူဇော်တဲ့ ဘာသာရေး နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခရစ္စမတ်တေးသီချင်း အများအပြားတွေမှာ "အလင်းရှင်ယေဇူး" ဆိုတဲ့ စကားကို ကြားကြရပါတယ်။
  ဟုတ်ပါတယ်။ ယေဇူးခရစ်တော်ဟာ လောကရဲ့ အပြစ်အမိုက်အမှောင်ကို ခွင်းပေးဖို့ သမ္မာတရားအလင်း အဖြစ်နဲ့ လောကထဲကို ဆင်းကြွတော်မူခဲ့ပါတယ်။ ဒါကို ရှင်ယောဟန်က ကျမ်းစာတော်မြတ်ထဲမှာ အတိအလင်း ရေးသားဖော်ပြပေးထားပါတယ်။
  • နှုတ်တော်ထွက်စကားသည် ကျွန်ုပ်တို့အတွက် အလင်းဖြစ်ခြင်းငှာ လူ့အဖြစ်ကို ယူတော်မူသည်။ ထိုအလင်းသည် မှောင်မိုက်တွင် ထွန်းလင်း၍ မှောင်မိုက်သည်လည်း ထိုအလင်းကို မဖုံးလွှမ်းနိုင်ချေ (ညွှန်း-ယော ၁း၁-၅၊ ၉)။
  •  ယေဇူးကလည်း "ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်တွင် မသွားလာရဘဲ အသက်နှင့် ဆိုင်သော အလင်းကို ရလိမ့်မည်" ဟု မိန့်ဆိုတော်မူခဲ့သည်။

    ခရစ္စမတ်ဆိုတာ ကျွန်ုပ်တို့ရဲ့ ဘ၀အလင်းရှင်ယေဇူးဘုရားကို ပြန်လည်အောက်မေ့ သတိရဖို့ ကျင်းပကြတဲ့ ပွဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘ၀မှာ မကောင်းမှုတွေနဲ့၊ အပြစ်တရားတွေနဲ့ အလင်းတွေ မှိန်ကောင်း မှိန်နေလိမ့်မယ်။ ဒါမှမဟုတ် မှောင်မိုက်ကောင်း မှောင်မိုက်နေလိမ့်မယ်။ ဘ၀မှာ အလင်းတွေ မှိန်ပျနေတာကြောင့် ဒါမှမဟုတ် မှောင်မဲမဲဖြစ်နေတာကြောင့် ခလုတ်တိုက်လဲတာတွေ၊ မမြင်မကန်းဖြစ်နေတာတွေ၊ ရှေ့မှာ ဘာမှ မမြင်ရလို့ ဘာမျှော်လင့်ချက်မှ မထားနိုင်တာတွေ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဆိုလိုတာက ဘ၀မှာ ဘုရားကို ဥပေက္ခာပြုပြီး မှားမှန်မခွဲခြားဘဲ တဇွတ်ထိုး တဇောက်ကန်း လုပ်နေတာတွေ၊ အမှားနွံ၊ ဒုစရိုက်နွံထဲမှာ နစ်ရင်းနဲ့နစ်ပြီး ရှုံးနိမ့်မှုတွေနဲ့ နာကျင်နေရတာတွေ၊ လုပ်ဆောင်မှုတွေ တိုင်းမှာလည်း ဘာအသီးအပွင့်မှမရှိဘဲ ပျော်ရွှင်မှု ဆုံးရှုံးနေရတာတွေ၊ နောက်ဆုံး မျှော်လင့်ချက်ပါ ပျောက်ဆုံးနေရတာတွေ စတဲ့ မှောင်မိုက်ခြင်းတွေကို သင့်ဘ၀မှာ ကြုံတွေ့ကောင်း ကြုံတွေ နေရပါလိမ့်မယ်။ ကျွန်ုပ်တို့ဘ၀ရဲ့ မှောင်မိုက်ခြင်းကို ပြန်ထွန်းလင်းစေဖို့ ခရစ်တော်ဆိုတဲ့ နေမင်းအလင်းကြီးရှိနေတယ် ဆိုတာကို ခရစ္စမတ်က ပြန်အမှတ်ရ စေသင့်ပါတယ်။

    ကျွန်ုပ်တို့ဘ၀မှာ အပြစ်တရားဆိုတဲ့ အမှောင်ထု ကြီးစိုးနေတယ်ဆိုတာက အလင်းကို လက်ခံမှု အားနည်းနေလို့ပါ။ အလင်းကို လက်ခံမှု အားနည်းတယ် ဆိုတာက ခရစ်တော်ကို လက်ခံမှု အားနည်းနေတာ၊ ခရစ်တော်ရဲ့ တရားတော်ကို လက်ခံမှု အားနည်းနေတာ၊ ယုံကြည်ချက်ကို လက်ခံမှုအားနည်းနေတာ၊ သမ္မာတရားကို လက်ခံမှု အားနည်းနေတာ၊ ပြီးတော့ မေတ္တာတရားကို လက်ခံမှု အားနည်းနေတာ ဖြစ်ပါတယ်။ ခရစ္စမတ်က ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ ခရစ်တော်ကို ပြန်လည် ဖွားမြင်စေဖို့၊ ကိုယ်တော်ရဲ့ နှုတ်တော်ထွက်တရားနဲ့ မေတ္တာတရားကို ပြန်လည် ဖွားမြင်စေဖို့ ဖိတ်ခေါ်နေပါတယ်။ ကျွန်ုပ်တို့ ဘ၀ထဲမှာ ဘုရားဆိုတဲ့ အလင်းရှိနေမှ၊ တရားဆိုတဲ့ အလင်းရှိနေမှ၊ မေတ္တာဆိုတဲ့ အလင်းရှိနေမှ ကျွန်ုပ်တို့ဘ၀ဟာလည်း အဓိပ္ပာယ်ပြည့်ဝခြင်း၊ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ မျှော်လင့်ခြင်း ဆိုတာတွေနဲ့ တောက်ပလင်းလဲ့နေမှာ ဖြစ်ပါတယ်။

    ဘုရားဆိုတဲ့အလင်း၊ တရားဆိုတဲ့အလင်း၊ မေတ္တာဆိုတဲ့အလင်းကို ကျွန်ုပ်တို့ တစ်ဦးစီတိုင်းရဲ့ ဘ၀မှာသာမက ကျွန်ုပ်တို့ရဲ့ မိသားစုထဲမှာ၊ လူ့အသိုက်အ၀န်းထဲမှာ မွေးဖွားစေဖို့ လိုပါတယ်။ မိသားစုမငြိမ်းချမ်းတာ၊ ဖရိုဖရဲဖြစ်နေတာ၊ မျှော်လင့်ချက်တွေမဲ့နေတာ၊ လူ့အသိုက်အ၀န်းမငြိမ်းချမ်းတာ၊ ဖရိုဖရဲဖြစ်နေတာ၊ မျှော်လင့်ချက်တွေမဲ့နေတာဟာ ဘုရားဆိုတဲ့ အလင်းကို အမှန်တကယ် မွေးဖွားခွင့် မပေးကြသေးလို့ဖြစ်ပါတယ်။ ကိုယ့်ကြောင့် မိသားစု မငြိမ်းချမ်း မပျော်ရွှင်နိုင်တာ၊ ကိုယ့်ကြောင့် ပတ်ဝန်းကျင် မငြိမ်းချမ်း မပျော်ရွှင်နိုင်တာ ဟာလည်း ကိုယ့်မှာ တရားပျောက်ဆုံးနေလို့၊ မေတ္တာပျောက်ဆုံးနေလို့၊ ဘုရားပျောက်ဆုံးနေလို့ ဖြစ်ပါတယ်။ တနည်းအားဖြင့် ခရစ္စမတ်ကို အမှန်တကယ် မကျင်းပနိုင်သေးလို့ပဲဖြစ်ပါတယ်။ ကိုယ့်ကြောင့် စိတ်ဝမ်းကွဲကြတာ၊ ကိုယ်ကြောင့် ခွဲခြားမှုတွေဖြစ်နေတာ၊ ကိုယ့်ကြောင့် အမုန်းပွားနေကြတာ၊ ကိုယ့်ကြောင့် ပတ်ဝန်းကျင် စိတ်သောကရောက်ရတာ တွေဟာ ကိုယ့်ဘ၀မှာ အမှောင်ထု ကြီးစိုးနေဆဲ မို့လို့ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း၊ မိသားစုတိုင်း မိသားစုတိုင်း မိမိတို့ဘ၀မှာ ခရစ်တော်ကို အမှန်တကယ် မွေးဖွားခွင့် ပေးကြမယ်ဆိုရင် ဘ၀တိုင်းမှာ တရားအလင်း၊ မေတ္တာအလင်းတွေ ထွန်းတောက်နေပြီး စစ်မှန်တဲ့ ပျော်ရွှင်ငြိမ်းချမ်းမှုကို ခံစားနိုင်ကြပါလိမ့်မယ်။

    ခရစ္စမတ်ရောက်ပြီဆိုရင် ပျော်ရွှင်ကြတယ်။ စိတ်ကြည်နူုးမှု ခံစားနေရတယ်။ နှလုံးသားထဲမှာ ငြိမ်းအေးမှုကို ခံစားနေရတယ်။ ဒီပျော်ရွှင် ငြိမ်းချမ်းမှုဆိုတာက ခရစ္စမတ်ရဲ့ အရသာပါပဲ။ ဒီအရသာကို ကျွန်ုပ်တို့ ငယ်ငယ်လေး ကတည်းက ခံစားလာကြရတယ်။ ဒီလို ခံစားရဖို့ကလည်း အကြောင်းတွေရှိတယ်။ ခရစ္စမတ်ရောက်ရင် အင်္ကျီ အ၀တ်စားသစ်တွေရတာတို့၊ လက်ဆောင်တွေရတာတို့၊ မိသားစုအလိုက် ပါတီပွဲလုပ်ကြတာတို့၊  ခရစ္စမတ် နှုတ်ဆက် သီချင်း ထွက်ဆိုရတာတို့၊ အပေါင်းဖော် သူငယ်ချင်းတွေ စုပြီး ပျော်ပွဲရွှင်ပွဲလုပ်ကြတာတို့ စတာတွေကြောင့်ပါ။ ပျော်ရွှင်ရဖို့ ဒီအကြောင်းတွေရှိရတယ် ဆိုတာကလည်း တကယ်တော့ မေတ္တာတရားကို ဖော်ပြရင်း ခရစ္စမတ်ရဲ့ ငြိမ်းချမ်းပျော်ရွှင်မှုကို မျှဝေပေးကြတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီပျော်ရွှင်မှုကို မျှဝေပေးခြင်းဟာ သိုးထိန်းလေးတွေကနေ အစပြုခဲ့ပါတယ်။  အလင်းရှင်ခရစ်တော် ဖွားမြင်တော်မူပြီ ဆိုတာကို ကြားသိရရုံမက ဖူးမြင်ခဲ့ရတဲ့ သိုးထိန်းလေးတွေဟာ သူတို့ခံစားခဲ့တဲ့ ပျော်ရွှင်မှုကို ထပ်ဆင့် ဝေမျှပေးခဲ့ကြပါတယ်။ ယနေ့ ခရစ်တော်ကို မိမိတို့ရဲ့ နှလုံးသားထဲမှာ အလင်းရှင်အဖြစ် လက်ခံထားကြတဲ့ ကျွန်ုပ်တို့ ခရစ်ယာန်တွေလည်းပဲ မေတ္တာ အလင်းကြောင့် တောက်ပနေတဲ့ ပျော်ရွှင်ငြိမ်းချမ်းမှုကို ဆက်ပြီး ပေးကမ်း ဝေမျှနေကြတာဖြစ်ပါတယ်။ ခရစ္စမတ် မှာတော့ ထူးထူးခြားခြား ဝေမျှကြတာ ဖြစ်ပါတယ်။ လူတိုင်းဟာ ခရစ္စမတ်မှာတင် မဟုတ်ဘဲ အခြား အချိန်တွေ မှာလည်း ပစ္စည်းဝတ္ထုအားဖြင့် သော်လည်းကောင်း၊ မိမိအချိန် အားဖြင့် သော်လည်းကောင်း၊ ချင်ခင်ကြင်နာခြင်းဖြင့် သော်လည်းကောင်း၊ နှစ်သိမ့်အားပေးခြင်းဖြင့် သော်လည်းကောင်း၊ အကူအညီအားဖြင့် သော်လည်းကောင်း၊ ခွင့်လွှတ်နားလည်ပေးခြင်းဖြင့် သော်လည်းကောင်း  အချင်းချင်း ရက်ရော ဝေမျှတတ်မယ်၊ မေတ္တာထားတတ်ကြမယ် ဆိုရင် နေ့စဉ်နေ့ရက်တိုင်းဟာ ခရစ္စမတ်ပွဲနေ့ ဖြစ်နေပါလိမ့်မယ်။ နေ့စဉ်နေ့ရက်တိုင်းဟာ ငြိမ်းချမ်းပျော်ရွှင်တဲ့နေ့ ဖြစ်နေပါလိမ့်မယ်။

    ခရစ်တော်ဘုရားဟာ လူသားတွေကို ဒီဘ၀မှာ အပြစ်အမိုက်အမှာင်ကနေ တရားအလင်းဆီသို့ ခေါ်ဆောင်ပေးရုံမက သေခြင်းအမိုက်အမှောင်ကနေ ထာဝရအသက်အလင်းဆီသို့လည်း ခေါ်ဆောင်ပေးအုံးမှာ ဖြစ်ပါတယ်။ အဲဒီထာဝရ အသက်အလင်းကို မျှော်လင့်စောင့်စားနေရင်း ယခုဘ၀မှာပင် အလင်းသားများကဲ့သို့ အသက်ရှင်နေထိုင်ကြပါစို့။ ခရစ်တော်ကို ကျွနု်ပ်တို့ ဘ၀ထဲမှာ မွေးဖွားခွင့် ပေးကြပါစို့။ ခရစ်တော်ရဲ့ နှုတ်တော်ထွက်စကားနှင့် မေတ္တာတော်ကို ကျွန်ုပ်တို့ဘ၀ထဲမှာ မွေးဖွားခွင့် ပေးကြပါစို့။ အဲဒီလို မွေးဖွားခွင့်ပေးနိုင် ကြမယ်ဆိုရင် ကျွန်ုပ်တို့ဘ၀မှာ တောက်ပလာမယ့် ပျော်ရွှင်ငြိမ်းချမ်းခြင်းကို တစ်ပါးသူအားလည်းကောင်း၊ မိမိရဲ့ မိသားစုအားလည်းကောင်း၊ မိမိနေထိုင်တဲ့ လူ့ဘောင်အသိုက်အ၀န်းအား လည်းကောင်း မျှဝေခံစားခွင့် ပေးနိုင်ကြပါလိမ့်မယ်။

    အယောက်စီတိုင်း ခရစ္စမတ်ပွဲတော်ကို နေ့စဉ်ကျင်းပနိုင်ကြပါစေ။ ခရစ်တော်ရဲ့အလင်းလည်း အယောက်စီတိုင်းရဲ့ နှလုံးသားထဲမှာ နေ့စဉ်နေ့တိုင်း ထွန်းလင်းတောက်ပနိုင်ပါစေ။ အယောက်စီတိုင်းရဲ့ဘ၀၊ မိသားစုတိုင်းရဲ့ဘ၀မှာ ခရစ္စမတ်ရဲ့ ပျော်ရွှင်ငြိမ်းချမ်းမှုကို နေစဉ်နှင့်အမျှ ခံစားရရှိနိုင်ကြပါစေ။

Fr. သက်ထွေးအောင်